Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Sunday, February 26, 2017

“စိန်လက်ညှိုး” တို့သားအဖ အိုးပတ်ဝိုင်း

“ဌာန်ကရိုဏ်း” ကျလွန်းသည့် ခွန်းတောက်သံကြောင့် ရုံးချိန်အမီ၊ ဒလ - ရန်ကုန် ကူးတို့ဆိပ်အမီသွားရောက်ရန် အလျင်လိုနေသော ခရီးသည်များနှင့် လမ်းသွား၊ လမ်းလာများက အသံထွက်ပေါ်လာသည့် နေရာသို့ စိတ်ဝင်စားရှာဖွေခဲ့ကြသည်။

ယင်းခွန်းတောက်သံမှာ ကွမ်းခြံကုန်းမှ ဒလသို့ ပြေးဆွဲနေသည့် ကားဂိတ်၏ မြေကွက်လပ်ပေါ်ရှိ အသက် ၆၀ကျော် အဘိုးအို တစ်ဦးထံမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ခွန်းတောက်သံ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်လင်းကွင်းသံ၊ ဝါးခေါက်သံတို့က ညီညီညာညာ ထွက်ပေါ်လာသည်။ ထိုအသံမှာ ဒုတိယအကြိမ် လူအများကို စိတ်ဝင်စားအောင် ဆွဲဆောင်နေဟန်ရှိသည်။ အသံထွက်ပေါ်သည့် နေရာတွင် ညစ်ထေးထေး အကျႌများကိုဝတ်ဆင်ထားသည့် အသက် ၆၀ ကျော် ခွန်းတောက်ပိုင်ရှင်နှင့် အသက် ၁၆ နှစ်မပြည့်သေးဟန်ရှိသည့် လင်းကွင်း၊ တုံးခေါက်သူတို့ကို တွေ့မြင်ခဲ့ရသည်။

လူအများမှ အသံရှိရာအရပ်ကို စုဝေးလာသောအခါ ခွန်းတောက်ပိုင်ရှင်က ဆာလာအိတ်ကို လွယ်အိတ်ပုံစံချုပ်ထားသည့် အိတ်ကြီးထဲမှ အရွယ်အစားမျိုးစုံရှိသည့် အိုးငယ်လေးများကို ရှေ့သို့ထုတ်ချခဲ့သည်။ ထိုအိုးများမှာ ထူးခြားမှုများရှိနေသည်။ ဆိုလိုချင်သည်မှာ ရေထည့်၊ ဆီထည့်၊ ဆန်နှင့် အခြားပစ္စည်းများ ထည့်ထားခြင်းမဟုတ်ဘဲ အိုးအဝတွင် ပိတ်စများဖုံးလွှမ်းကာရံထားခြင်း ဖြစ်သည်။

ခွန်းတောက်ရှင်က အိုးအဝရှိ ပိတ်စပေါ်တွင် သင့်တော်သောရွှံ့များကိုဖိ၍ ရေစိုဝတ်ဖြင့် သုတ်နေသည်။ အိုးများကို ထိုသို့ လုပ်ဆောင်ပြီးသည့်နှင့် လက်ဖြင့်ပုတ်ရိုက်သောအခါ ဗုံကဲ့သို့ မြူးကြွသည့်အသံများ ထွက်ပေါ်လာသည်ကို ကြားရသည်။ ထို့ကြောင့်  အိုးငယ်လေးများထဲမှ တူရိယာသံလေးများ ထွက်ပေါ်သောကြောင့် စာရေးသူက ဒိုးပတ်ဝိုင်းအခေါ်ကို အခြေပြု၍ “အိုးပတ်”  ဟု မှတ်ချက်ပြုသုံးနှုန်းခဲ့ခြင်းသာ ဖြစ်သည်။

“ရွှံ့မှာ သဲတွေကပ်နေတယ်။ ရောင်းရင်းတို့ရေ ပရိသတ် မိတ်ပျက်လို့မဖြစ်ဘူး။ အားတော့ စိုက်ရမယ်ထင်ပ...” ဟု ခွန်းတောက်ရှင်ကသူ၏သားများကို လုပ်ဖော်ကိုင်ဖက်များသဖွယ် ရောင်းရင်းအမည်တပ်၍ ပြောကြားခဲ့သည်။

ထို့နောက် လာရောက်ကြည့်ရှုသူများ ရှေ့သို့မျက်နှာမူ၍ “ဟုတ်ကဲ့ စိန်လက်ညှိုးတို့အဖွဲ့ သွားရာခရီး စရိတ်ပြတ်သည့်အတွက် ဒီအရပ်မှာ ဖျော်ဖြေအလှူခံပါမည်။ အလှူခံထည့် ကူညီလျက်ဖြင့် အားပေးကြပါ...” ဟု ဆိုသည့်အခါမှသာ ခွန်းတောက်ပိုင်ရှင်မှာ  “စိန်လက်ညှိုး” ဟု ခေါ်ဆိုနိုင်မှန်း သိခဲ့ပါသည်။

ဤမှာ လေးစားဂုဏ်ယူမိတာ တစ်ခုရှိသည်။ အဘစိန်လက်ညှိုးမှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီဖြစ်သော်လည်း လက်ဖြန့် တောင်းရမ်းနေခြင်းမဟုတ်သလို ကလေးငယ်နှစ်ဦးကိုလည်း တောင်းရမ်းခိုင်းစေမှု မရှိဘဲ မိမိတတ်စွမ်းသည့် ပညာရပ်ဖြင့် ဖျော်ဖြေကာ ထိုင်သင့်သည့်အနုပညာကြေး ယူဆောင်သည်ဟု ထင်မြင်မိခဲ့သည်။

“အများကြိုက်အောင်စွမ်းဆောင် သီဆိုချင်ပါလျက်နဲ့ အသံအားဖြင့် နာနေသောကြောင့် အများသောတမှာ အနှောင့်အယှက် ဖြစ်ခဲ့ရင်လည်း နားလည်ပေးဖို့  ဦးစွာတောင်း ပန်အပ်ပါတယ်။ ...လာပီ ..လာပီ စိန်လက်ညှိုးတို့ရောက်လို့လာပီ....ကဲရွာစားရေ...” ဟု ဆို၍လင်းကွင်း၊ ဝါးတုံးခေါက်သမားနှင့် အတူ ရှေ့မှောက်ရှိ အိုးငယ်ငါးလုံးကို ဆိုင်းသဖွယ် စတင်တီးခတ်လေတော့သည်။

ကနဦးလက်စွမ်းပြပြီးသည့်အခါ  ဇာတ်သဘင်ပွဲကြီးများအတိုင်း ဘုရားရှိခိုးသံစဉ်တီးလုံးနှင့် အပျိုတော်ယိမ်းတီးလုံးတို့ကို အဆက်မပြတ် တီးခတ်ခဲ့သည့်အခါ လာရောက်ကြည့်ရှုသည့် အမျိုးသားတစ်ဦးက ပုံးထဲသို့ ပိုက်ဆံထည့်ကာ “တော်တော်လေးကို သင်ယူထားတဲ့ပုံပဲ။ တီးကွက်လေးတွေ ကောင်းတယ်။ ဗုံအစစ်နဲ့တီးတာမဟုတ်ပေမယ့် သေသပ်တယ်။ တော်တယ်ဗျာ” ဟူ၍ မှတ်ချက်ပြုသည်။

ထိုသို့ အစပျိုးတီးခတ်မှုအပြီးတွင် စိန်လက်ညှိုးက “ခေတ်အဆက်ဆက် ဆိုင်းဆရာကြီးတွေက ပြောတယ်။ လမိုင်းမတီးတတ်ရင် ဆိုင်းမတီးနဲ့ အပျိုတော်မတီးတတ်ရင် ဆိုင်းမတီးနဲ့လို့ ဆိုမိန့်ဖူးတယ်။ ဆရာက ဟောဒီက ကျွန်တော့်ကိုပေးခဲ့တာ စိန်လက်ညှိုး။ အခု စိန်လက်ညှိုးက ကျွဲမကုန်းကိုသွားဖို့ လမ်းစရိတ်မျှော်ရတယ်။ ဆိုတာ့ ရွာစားရေလာလမ်းကို မျှော်လိုက်ကြရအောင်....” ဟူ၍ စိန်လက်ညှိးကဝါးဖြင့် ပြုလုပ်ထားသည့်နှဲကို မှုတ်၍လာလမ်းကိုမျှော် သီချင်းတီးလုံးကို ဆက်လက်တီးခတ်လေသည်။

ယင်းကိုကြည့်ချင်းအားဖြင့် စိန်လက်ညှိုးတို့သားအဖ “အိုးပတ်ဝိုင်း” မှာ လာကြည့်ရှုသူများအပေါ် စေတနာထား၍ အနုပညာ အရင်းခံကာ အချိတ်ဆက်မိမိ၊ အစီစဉ်မပျက် ဖျော်ဖြေနေသည်ကို တွေ့မြင်ခဲ့ရသည်။

ဆက်လက်၍ စိန်လက်ညှိုးတို့ အိုးပတ်ဝိုင်းက လက်ရှိရေပန်းစားနေသော တေးသံရှင် မနော၏ တေးသီချင်းများဖြစ်သည့် မြန်မာသံစဉ်များကို အစီအစဉ်လိုက် ဖျော်ဖြေနေရင်း ကြာဖြူအမည်ရှိ သီချင်းအဆုံးတွင် မိမိလိုက်ပါမည့်ကားမှာလည်း လူပြည့်ပြီ ဖြစ်သဖြင့် မိမိလည်း တတ်စွမ်းသလောက် အနုပညာကြေးနှစ်ထောင် ထည့်ဝင်ကူညီကာ ကားပေါ်သို့ တက်ရောက်ခဲ့သည်။

လမ်းခရီးတစ်လျှောက် စာရေးသူ၏ အတွေးတွင် မိနစ် ၃၀ ခန့် တွေ့မြင်ခဲ့ရသည့် စိန်လက်ညှိုးတို့သားအဖ အိုးပတ်ဝိုင်းမှ သာယာနာပျော်ဖွယ်ကောင်းသည့် တီးခတ်သံများကို သတိရနေကာ သူတို့၏ အညတရ အနုပညာများကို လေးစားရင်းဖြင့် ....
Writer:
■ ဝေလင်း

#EMG


No comments:

Post a Comment