Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Tuesday, March 7, 2017

အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့တွင် အဆောက်အအုံများ၊ ရဲစခန်းများအား မတ် ၆ ရက် နံနက် ၁ နာရီခန့်က လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုသို့ ဖြစ်ပျက်မှုများကြောင့် မူလတန်းပြဆရာမတစ်ဦး အပါအဝင် ၁၂ ဦးခန့် သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ယခုအခါတွင် ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လောက်ကိုင်ဒေသရှိ ဒေသခံများနှင့် အဆိုပါဒေသသို့ ရောက်ရှိအလုပ်လုပ်ကိုင်နေသော ပြည်သူများအနေဖြင့် နေရပ်ပြန်သူများ၊ တရုတ်နယ်စပ်ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခြင်းများ ပြုလုပ်နေကြရသည်။ လောက်ကိုင်မြို့အနီးတွင် စိုက်ပျိုးကြသော ကြံစိုက်ခင်းများတွင် ကြံခုတ်ရန်အတွက် ရောက်ရှိနေသော မကွေး၊ နတ်မောက်၊ ဆင်ပေါင်ဝဲမြို့နယ်များမှ ကြံခုတ်သူများသည် ပစ်ခတ်မှုဖြစ်စဥ်များကြောင့် လောက်ကိုင်မြို့မှ ရရာကားများဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းများ ပြုလုပ်နေကြသလို တရုတ်ပြည်နယ်စပ်ဖြစ်သော မိန်းတိန်ကျေးရွာဘက်သို့ ထွက်ပြေး တိမ်းရှောင်ခြင်းများလည်း ရှိနေခြင်းဖြစ်သည်။

လောက်ကိုင်ဒေသ တိုက်ခိုက်မှုများနှင့် စပ်လျဥ်း၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ကြေညာချက် ၁/၂ဝ၁၇ အဖြစ် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် “...အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဥ်တွင် ဝမ်းမြောက်ဖွယ်ရာ တိုးတက်မှုများ ရရှိလာခဲ့ပြီး ပိုမိုကျယ်ပြန့်စွာ ပါဝင်နိုင်ရေး၊ ပိုမိုခိုင်မာ ရှင်သန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် MNDAA လက်နက်ကိုင်အဖွဲ့များက မတ် ၆ ရက် နံနက်၂ နာရီခန့်မှစ၍ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ လောက်ကိုင်မြို့နယ်နှင့် ပတ်ဝန်းကျင်နေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ကြောင်း၊ ကနဦးရရှိသော သတင်းများအရ မြို့တွင်းနေရာများသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သာမက ဒေသခံ အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ယခုကြေညာချက် ထုတ်ပြန်သည့်အချိန်အထိ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးအတွက် အကျိုးမဲ့ အချည်းနှီးဖြစ်ရုံသာမက တိုက်ခိုက်မှုများ ဖြစ်ပွားရာဒေသရှိ ဌာနေမျိုးနွယ်စုများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများကို တိုက်ရိုက်ဆိုးကျိုး သက်ရောက်စေကာ ဒုက္ခပင်လယ်ဝေစေကြောင်း၊ ထို့ကြောင့် ဒေသခံ ဌာနေမျိုးနွယ်စုများ သေကျေထိခိုက်စေပြီး အပြစ်မဲ့ပြည်သူများ ဒုက္ခကြုံတွေ့စေသော လက်နက်ကိုင် တိုက်ခိုက်မှုများကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ကြရန်၊ တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားပြည်သူများအားလုံး ခေတ်အဆက်ဆက် မျှော်လင့်တောင့်တလျက်ရှိသော ငြိမ်းချမ်းရေးခရီးကို တန်းတူရည်တူ စိတ်တူကိုယ်တူဖြင့် အတူတကွ လျှောက်လှမ်းကြရန် အလေးအနက် တိုက်တွန်းကြောင်း” စသည်ဖြင့် ဖော်ပြထားသည်။

အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ MNDAA၊ TNLA နှင့် AA အဖွဲ့များအနေဖြင့် လက်နက်ကိုင်လမ်းစဥ် စွန့်လွှတ်ပါက NCA တွင် လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင် ဆွေးနွေးခွင့်ပြုမည်ဟု ကမ်းလှမ်းကြောင်း ပါဝင်သည့် ထုတ်ပြန်ချက်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ် ၆ ရက်တွင် ထုတ်ပြန်ထားသည်။

သို့ပါ၍ မည်သို့သော ပြဿနာရပ်များ ပေါ်ပေါက်သည်ဖြစ်စေ မလိုလားအပ်သော ထိခိုက်ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး၊ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် အထူးဂရုပြု လုပ်ဆောင်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(မတ်လ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)

#EMG


No comments:

Post a Comment