Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Tuesday, March 7, 2017

ရဲရင့်သောမြန်မာအမျိုးသမီးများအကြောင်း

ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ
မြန်မာစာသင်ပြမှု ထူးချွန်ဆရာမ ဒေါ်မြင့်မြင့်ဇော်
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မထားထား
ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ နော်မာသေး

ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ

" ချော်လဲသွားလို့ရှိရင် ပြန်ထရတာ ချော်လဲတာရှက်စရာမလိုဘူး ပြန်မထနိုင်ရင်ပဲ ရှက်စရာကောင်းတာ၊ အမျိုးသမီးဖြစ်ပေမယ့် လည်း စိတ်ဓါတ်ခိုင်ခိုင်မာမာထားဖို့၊ ဘယ်အရာမဆို အကြာကြီး မဖြစ်ဘူး အဲဒီအတွက် ကြောင့်မို့ စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ရပ်တည်ဖို့ ပြောချင်ပါတယ်၊ အမျိုးသမီးဖြစ်တဲ့အတွက် ဘာမှ အားမငယ်ပါနဲ့ ကိုယ့်ကိုယ်ကို ထက်မြက်အောင်ကြိုးစားပါ "

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ၂ဝ၁၅ ဇူလိုင်လမှာ ရေဘေးဒုက္ခ သည်တွေကို လှူဒါန်းရာကစပြီး ခိုင်နှင်းဝေပရဟိတအဖွဲ့ကို ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။ သူဦးဆောင်တဲ့ ပရဟိတအဖွဲ့ဟာ လှူချင်ပေမယ့် ကိုယ်တိုင်မရောက်နိုင်တဲ့သူတွေအတွက် နိဗ္ဗာန်ပေါင်းကူးတံတားအဖြစ် လိုအပ်တဲ့နေရာတွေကို ထိရောက်စွာ လှူဒါန်းပေးတာတွေ၊ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့နေရာတွေနဲ့  မိဘမဲ့ကလေးတွေကို အလှူရှင်တွေဖြစ်စေချင်တဲ့အပေါ်မူတည်ပြီး ဦးဆောင်လုပ်ကိုင်ပေး နေတာဖြစ်ပါတယ်။

၂ဝ၁၅ ဒီဇင်ဘာမှာတော့ ကလေးတွေအတွက် ရည်ရွယ် လုပ်ဆောင်နေတဲ့ သူ့ရဲ့ဆောင်ရွက်ချက်တွေကြောင့် ကလေး သူငယ်လူကုန်ကူးမှု ကာကွယ်ရေး ပညာပေးပြဇာတ်အဖွဲ့ united act မှာ သံတမန်အဖြစ် စတင်လုပ်ဆောင်ခဲ့ပါတယ်။ သံတမန်တစ်ယောက်အနေနဲ့ Help them ဆိုတဲ့ ပညာပေးပြ ဇာတ်တိုကို ကိုယ်တိုင်ဒါရိုက်တာလုပ် အကုန်အကျခံပြီး ရိုက်ကူး ခဲ့သလို ပြဇာတ်စီဒီခွေကို ဟောပြောပွဲတွေမှာ အခမဲ့ဖြန်ချိပေး တာတွေ၊ ကိုယ်တိုင်ပြဇာတ်တိုကတာတွေနဲ့ united act က တောင်းဆိုလာတဲ့အကူညီတွေကို တတ်နိုင်သလောက် လုပ်ဆောင်ပေးနေသူ ဖြစ်ပါတယ်။

တချိန်က စိတ်ဓာတ်ခိုင်မာတဲ့အမျိုးသမီးတစ်ယောက်အဖြစ် အိမ်ထောင်ဖက်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ကြံ့ကြံ့ခံရင် ဆိုင်ကျော်လွှားခဲ့သူ၊ လွတ်လပ်တဲ့ဘဝသစ်တစ်ခုကို သတ္တိ ရှိရှိပြန်လည်တည်ဆောက်နိုင်ခဲ့သူ၊ အခုချိန်မှာတော့ အနုပညာ အလုပ်ကို လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ကလေးသူငယ်များ အခွင့်အရေးကိစ္စ၊ လူကုန်ကူးမှုတားဆီးရေးကိစ္စနဲ့ လိုအပ် တဲ့နေရာမှာ ပရဟိတအလုပ်တွေ လုပ်ကိုင်နေတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ ကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အတွက် ရဲရင့်သောအမျိုးသမီးတစ်ဦးအဖြစ် ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။
===========================
မြန်မာစာသင်ပြမှု ထူးချွန်ဆရာမ ဒေါ်မြင့်မြင့်ဇော်

"ဒီကဗျာလေးတွေဆိုတာကလည်း မြန်မာ့ယဥ်ကျေးမှုဓလေ့တွေနဲ့ ရေးစပ်ထားတာလေ။ ဒါကြောင့် ဒီကဗျာလေးတွေကို သင်တဲ့ အတွက် ကလေးတွေကလည်း ကိုယ့်မြန်မာ့ယဥ်ကျေးမှု ဓလေ့တွေကိုလည်း ပိုပြီးမှ မြတ်နိုးတတ်လာမယ်။ မြန်မာ့ဂီတ ကိုလည်း ပိုမြတ်နိုးတတ်လာမယ်။ မြန်မာ့ဓလေ့ထုံးစံတွေ ကိုလည်း ပိုပြီးချစ်မြတ်နိုးတတ်လာမယ်လို့ ထင်တယ်။"

မြန်မာကဗျာကို အသံကြည်လင်ချိုမြစွာ ရွတ်ဆိုသင်ကြားပေးနေ တဲ့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော် ဖြစ်ပါတယ်။

ဆရာမ ဒေါ်မြင့်မြင့်ဇော်ဟာ သူ့ရဲ့ကြင်လင်ပြတ်သားတဲ့အသံနဲ့ "နေဝင်စ ချိုးမရယ်ကူ"ဆိုတဲ့ ကဗျာတစ်ပုဒ်ကို ကိုယ်တိုင်ရွတ် ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ် စတင်လိုက်တဲ့အချိန်ကစလို့ သူ့တေးကဗျာတွေဟာ အင်တာနက်ပေါ်မှာ နာမည်ကြီးလာ ခဲ့ပါတယ်။ သူ့ရဲ့ မြန်မာကဗျာသင်ကြားပေးမှုဟာ သူစာသင်နေ ရာ ကျောင်းခန်းထဲက ကလေးတွေအတွက်သာ မက မြန်မာနိုင်ငံဒေသ အနှံ့အပြားနဲ့ ကမ္ဘာ့ဒေသအနှံ့အပြား က မြန်မာလူမျိုးတွေထိ ရောက်ရှိပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာစာကို ရသပေါ်လွင်အောင် သင်ကြားပေးမှု အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ချီးမြှင့်တဲ့ ဆရာကောင်းဆု၊ ထူးချွန်ဆရာများန့ဲ ကျောင်းသားတွေ ကို နှစ်စဥ်ဂုဏ်ပြုချီးမြှင့်နေတဲ့ ပညာတန်ဆောင်ရဲ့ ထူးချွန်ဆရာ ဆုတွေ ချီးမြှင့်ခံရပါတယ်။

ဆရာမဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ကျောင်းဆရာမ အဖြစ် ၁ဝ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး အခုလက်ရှိ မှာတော့ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ ရွှေဘုံသာ အလယ်တန်းကျောင်း(ခွဲ) အလယ်တန်းအဆင့်တွင် မြန်မာစာ သင်ကြားပေးနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ၂ဝ၁ဝ ခုနှစ်ကစလို့ လေးချိုး၊ ဒွေးချိုး၊ ကောက်စိုက် သီချင်း စသဖြင့် မြန်မာစာသင်ကြားမှုမှာ ရသပေါ်လွင်အောင် သင်ကြားပေးနေသူ၊ တာဝန်ကျရာအရပ်ဒေသ မှာ ချောင်းကူးမြောင်းကူးနဲ့ အနာဂတ်ရဲ့ခေါင်းဆောင် ကလေးငယ်တွေကိုသာမက နေရာအနှံ့အပြားက မြန်မာလူမျိုးတွေကို မြန်မာ့ဓလ့လေးတွေနဲ့ မြန်မာ့ဂီတကို ပိုပြီးမြတ်နိုးတတ် လာအောင် လမ်းပြပေးနေသူ ဆရာမ ဒေါ်မြင့်မြင့်ဇော်ကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ရဲရင့်သောအမျိုးသမီးတစ်ဦး အဖြစ် ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။
===========================
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မထားထား

" ကျားမတန်းတူမညီမှုဟာ မိန်းမတွေချည်းပဲ ခံနေရတာမဟုတ်ဘူး။ ယောကျာ်းတွေဆီကော မိသားစုတွေဆီကော ရောက်လာတယ်။ အဲ့ဒါက နိုင်ငံဆီကိုပါ ရောက်သွားတယ်။ ခေါင်းငြိမ့်ခေါင်းခါမလုပ်ခင် ဘာလဲဆိုတာကို သေသေချာချာစဥ်းစားပြီးမှ ခေါင်းငြိမ့်ခေါင်းခါစေချင်တယ်။"

မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ဖြစ်တည်မှုအနေအထားကို ဆန်းသစ်သောစိတ်ကူးတွေနဲ့ လူထုကို အသိပေးခဲ့သူ၊ လိင်မှုရေးရာနဲ့ပတ်သက်လို့ လူထုပညာပေးရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေသူ၊ မြန်မာအမျိုးသမီးထုရဲ့ လူမှုစီးပွားတိုးတက်ဖံွ့ဖြိုးဖို့အတွက် လှုပ်ရှားဆောင်ရွက်နေသူ အခရာအမျိုးသမီးအဖွဲ့ရဲ့ဒါရိုက်တာ ဒေါ်ထားထား ဖြစ်ပါတယ်။

ဒေါ်ထားထားဦးဆောင်တဲ့ အခရာအမျိုးသမီးအဖွဲ့ဟာ အမျိုးသမီးတွေအတွက် လိင်ပညာပေးရေးသင်တန်းတွေ၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို ဖော်ထုတ်ပေးတဲ့လုပ်ဆောင်ချက်တွေ၊ ကလေးသူငယ်ဖံွ့ဖြိုးရေးလုပ်ဆောင်ချက်တွေ၊ မြန်မာနိုင်ငံမှာ ကျားမမညီမျှမှုအနေအထားနဲ့ပတ်သက်လို့ လူထုအသိပေးပညာပေးမှုတွေ၊ အမျိုးသမီးတွေအတွက် စီးပွားရေးအခွင့်အလမ်း ဖန်တီးပေးမှုတွေ၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအမျိုးမျိုး ရပ်တန့်ရေးလှုပ်ရှားမှုတွေ၊ အကြမ်းဖက်ခံအမျိုးသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကုစားရေးလုပ်ဆောင်ချက်တွေ၊ သက်ငယ်မုဒိမ်းကို ထိရောက်တဲ့ပြစ်ဒဏ် ချမှတ်ရေးအတွက် ကူညီပေးတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ချက်တွေ ပြုလုပ်ရာမှာ ဘတ်စ်ကားပေါ်က ခရီးသည်အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေကို အသိပေးနိုင်မယ့် ခရာမှုတ်အသိပေးခြင်းလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့သလို ကမ္ဘာတဝှန်းက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ရပ်တန့်ဖို့ ဂီတနဲ့အကပေါင်းစပ်ကာ အသိပေးလှုပ်ရှားတဲ့ one billion rising လှုပ်ရှားမှုကို မြန်မာနိုင်ငံမှာ ထူးခြားစွာ ပြုလုပ်ခဲ့ပါတယ်။

ခုချိန်မှာတော့ နိုင်ငံတကာမှာ သင်ကြားပို့ချနေကြတဲ့ ဂျန်ဒါဆိုင်ရာအကြောင်းအရာနဲ့ လိင်ပညာပေးအကြောင်းအရာတွေကို မြန်မာ့ယဥ်ကျေးမှုနဲ့ လျော်ညီအောင် ပြုပြင်ပြီး လူထုအသိပညာပေးရေးအတွက် ဆက်လက်လုပ်ဆောင်နေသလို ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အမျိုးသမီးထုကိုယ်တိုင်က အမျိုးသမီးအမတ်တွေကို မဲပေးရေးအတွက် စည်းရုံးလံှု့ဆော််မှုတွေ ဆက်လက်လုပ်ဆောင်သွားဦးမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိန်းကလေးငယ်ရွယ်ကစလို့ မိခင်များအထိ၊ အခြေခံလူတန်းစား အမျိုးသမီးတွေကစလို့ စီးပွားရေးစွမ်းဆောင်ရှင်တွေအထိ အမျိုးသမီးထုတစ်ရပ်လုံး ကျားမရေးရာအသိအမြင်တိုးတက်လာအောင်၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုလျော့ကျအောင် သမားရိုးကျမဟုတ်တဲ့နည်းလမ်းတွေနဲ့ ဦးဆောင်လုပ်ကိုင်နေသူ ဒေါ်ထားထားကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ရဲရင့်သောအမျိုးသမီးတစ်ဦးအဖြစ် ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။
===========================
ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ နော်မာသေး

" ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့သက်တမ်းတစ်ခုမှာ ဒီလိုမျိုးကေ့စ်ကြုံဖို့ဆိုတာ ချန့်စ် (အခွင့်အရေး) တော်တော်လေးနည်းပါတယ်။ တကယ်ကတော့ ဒီကေ့စ်ဟာ ကျွန်မရဲ့သက်တမ်းမှာ စက်ကန်းကေ့စ် (ဒုတိယအကြိမ်ခွဲစိတ်မှု) ဖြစ်ပါတယ်။ ဖက်စ်ကေ့စ် (ပထမအကြိမ်ခွဲစိတ်မှု) က ၂ဝ၁၁ ခုနှစ်မှာ ကျွန်မတွေ့ခဲ့ရတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းကတော့ မကျော်ကြားသင့်တဲ့ ကျော်ကြားမှုမျိုး မလိုချင်လို့ အမှောင်ချပြီးတော့ပဲ ကျွန်မတို့ ခွဲစိတ်ခဲ့တာပေါ့။ နောက်တစ်ချက်ကတော့ လူနာဘက်ကိုကြည့်ပြီးတော့ မီဒီယာကိုလည်း မပြောပြခဲ့ပါဘူး။ "

သုံးလသားကလေးငယ်ရဲ့ဝမ်းဗိုက်ထဲမှာ အတူပါလာတဲ့ သနေ္ဓသားအပို သုံးမြွှာပူးကို အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့တဲ့ နေပြည်တော် ကုတင် ၁ဝဝဝ ဆေးရုံက ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာနော်မာသေး ဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို ၂ဝ၁၆ ဒီဇင်ဘာ ၁၉ ရက်မှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီး မြန်မာ့ဆေးပညာအတွက် အောင်မြင်မှုမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ မိခင်ဝမ်းထဲမှာ လေးမြွှာပူးသန္ဓေတည်ရမယ့် သန္ဓေသားလောင်းတွေဟာ မိခင်ဝမ်းဗိုက်ထဲမှာ တစ်ဦးသာ သန္ဓေတည်မွေးဖွားခဲ့ပြီး ကျန်တဲ့သန္ဓေသုံးခုကတော့ မွေးဖွားပြီးရင်သွေးငယ်ရဲ့ဝမ်းဗိုက်အတွင်းမှာ မှားယွင်းသန္ဓေတည်လာတာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်မျိုးဟာ ပုံမှန်မွေးဖွားသူငါးသိန်းမှာ တစ်ဦးသာဖြစ်နိုင်ချေရှိတဲ့ အခြေအနေဖြစ်ပြီး မှတ်တမ်းမှတ်ရာတွေအရ ခုလိုမှားယွင်းသနေ္ဓတည်မှုမျိုးဟာ တကမ္ဘာလုံးမှာမှ ၇ဝဝ သာရှိသေးတယ်လို့ ဆိုပါတယ်။

ဒေါက်တာ နော်မာသေးအနေနဲ့ ခုလို ကလေးဗိုက်ထဲမှာ ကလေးရှိနေတဲ့အနေအထားကို နှစ်ကြိမ်တိုင်တိုင် အောင်မြင်စွာခွဲစိတ် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကြိမ်ခွဲစိတ်မှုကို ၂ဝ၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်ကို ခက်ခက်ခဲခဲနဲ့ ခွဲစိတ်ပေးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယအကြိမ်ခွဲစိတ်မှုကတော့ အသက် ၃ လအရွယ်ကလေးငယ်ဖြစ်နေတဲ့အတွက် ပထမအကြိမ်ထက် ပိုပြီးခက်ခဲခဲ့သလို သန္ဓေသားကလည်း သုံးခုဖြစ်နေပါတယ်။ အခုတော့ ခွဲစိတ်အောင်မြင်သွားတဲ့ကလေးငယ် ၂ ဦးလုံး ကျန်းမာစွာရှိနေကြပြီး ပထမကလေးငယ်ဟာ ကျောင်းတက်နေပြီ ဖြစ်ပါတယ်။

ဒါ့ပြင် ဒေါက်တာနော်မာသေးဟာ လူနာတွေဘယ်လောက်များများ လူနာတွေကို အပြုံးမပျက် ခွဲစိတ်ပေးနေသူ၊ မာန်မာနမထားတတ်သူ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေကို ချစ်ခင်စွာ လက်တွဲဆောင်ရွက်တတ်သူ၊ အောင်မြင်တဲ့ခွဲစိတ်မှုများစွာကို ဆောင်ရွက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့် ခွဲစိတ်ခြင်းအတတ်နဲ့ ကျွမ်းကျင်မှုပေါင်းစပ်လို့ မြန်မာ့ဆေးပညာအတွက် အောင်မြင်မှုမှတ်တိုင်စိုက်ပေးနိုင်ခဲ့သူ ဒေါက်တာနော်မာသေးကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၈ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ရဲရင့်သောအမျိုးသမီးတစ်ဦးအဖြစ် ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်။

#Women_in_Myanmar_Society


No comments:

Post a Comment