Featured Post

ရည်ရွယ်ချက်

မြန်မာ့သတင်း ဝက်ဘ်စာမျက်နှာမှာ တင်ထားတဲ့ သတင်းတွေဟာ ဖေ့စ်ဘုတ်လူမှုကွန်ယက်မှာ နာမည်ရ သတင်းဂျာနယ်တိုက်တွေက တင်ထားတဲ့ သတင်းများကို ဇော်ဂျီဖောင့...

Search in this blog

Friday, March 10, 2017

တစ်နှစ်သားအစိုးရကို ဝေဖန်နေကြတာ ဘယ်လိုအချက်တွေကြောင့်လဲ

လူထုအသံနားထောင်ပြီး ပြုပြင်သင့်တာကို ဒီမိုကရေစီအစိုးရအနေနဲ့ ဖော်ဆောင်ဖို့လိုတယ်။

နေပြည်တော်၊ မတ် ၈ - ဝန်ကြီးဌာန ပိုင်းဆိုင်ရာမှာ အဂတိလိုက်စားမှုကို သိသာအောင် မလျှော့ချနိုင်တာနဲ့ မတိကျမပြတ်သားတဲ့ မူဝါဒအလွဲအမှားတွေကြာင့် တစ်နှစ်သားအစိုးရကို ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။

အနီကတ်များရင်

အစိုးရအဖွဲ့လို့ဆိုရာမှာ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ဆိုပြီး ခွဲခြားထားပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ မပြောင်းလဲတာတွေမှာဆိုရင် အဂတိတရားကင်းစင်တဲ့အစိုးရ ဖြစ်ရမယ်ဆိုတဲ့ ဖော် ဆောင်မှုကို ပြည်သူတွေသိသာ ထင်ရှားအောင် မခံစားရသေးတာ ဖြစ်ပါတယ်။

ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်အဖွဲ့ဝင် ဦးတင်မောင်ဦးက “အခု ပထမတစ်နှစ်ကတော့ လုပ်စလို့ပဲပြောပြော စိန်ခေါ်မှုများလို့လို့ပဲပြောပြော၊ ဘယ်လိုပြောပြော အောင်မြင်မှုအလွန်အားနည်းတယ်၊ ဒုတိယနှစ်မှာ ဘယ်လို လုပ်မလဲ၊ ဒါကိုတော့ လေ့လာ သုံးသပ်ဖို့ လိုတာပေါ့”လို့ ဆိုပါတယ်။

သူကဆက်ပြီး ‘တစ်ခုတော့ သတိထားဖို့လိုတယ်၊ အဝါကတ် နှစ်ခါမှားရင် အနီကတ်ဖြစ်တတ်တယ်၊ ဒါကြောင့် ခဏခဏမှားလို့မဖြစ်ဘူး၊ အဝါကတ်ပြရတာများ ရင်၊ အနီကတ်တွေများလာရင်လဲ ပိုပြီးတော့ အခက်အခဲဖြစ်တတ် တယ်˘လို့ ပြောတယ်။

သည်လိုဝေဖန်မှုတွေ မြင့်တက်လာရတာဟာ ဝန်ကြီးဌာန ခေါင်းဆောင်တွေရဲ့တိကျပြတ် သားတဲ့မူဝါဒမရှိသလိုဝန်ထမ်းတွေကို ကိုယ်သွားချင်တဲ့ လမ်းကြောင်းပေါ် ဆွဲမခေါ်နိုင်ဘဲ ပြတ်သားတဲ့အရေးယူမှုအားနည်းလာ တာကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အခုအစိုးရတက်ခါစကသာ ပြောင်းလဲသယောင်ဖြစ်လာတဲ့ အောက်ခြေဝန်ထမ်းတချို့ရဲ့ လာဘ်စားမှုက ယနေ့အချိန်မှာတော့ အရင်အတိုင်းပဲလို့ ပြည်သူ တွေကြားမှာ ပြောလာကြပါတယ်။ ပြည်ထောင်စုဝန်ကြီးနဲ့ဝန်ကြီးချုပ် တွေကို အနိုင်ရပါတီက ရွေးချယ် ခန့်အပ်ခဲ့ပေမဲ့ ကျန်အောက်ပိုင်း လူတွေအများစုကတော့ အရင် အ တိုင်း ခရီးဆက်ကြတာပါ။ ဝန်ကြီးဌာနတွေရဲ့ဖွဲ့စည်းပုံကို အနည်းငယ်ပြင်ပြီး ရှေ့ဆက်ကြ ရတဲ့အခါ သည်ဝန်ထုပ်ဝန်ပိုးတွေဟာ လက်ရှိအစိုးရအပေါ်မှာ အမွေအနေနဲ့ ဆက်ပြီးတော့ ခံစားနေရပါတယ်။

မင်္ဂလာဒုံမဲဆန္ဒနယ်အမတ် ဦးအောင်လှိုင်ဝင်းက “ဘယ်အဖွဲ့အစည်းမှ မနစ်နာအောင် အစိုးရက စU်းစားတဲ့အခါမှာ အပြောင်းအလဲ လုပ်ဖို့ တော်တော်လေးကို အခက် အခဲဖြစ်သွားတယ်ပေါ့၊ ဘယ်သူ့ မျက်နှာမှမကြည့်ဘဲ လုပ်မယ်ဆို ရင်တော့ ဖြစ်နိုင်ခြေရှိပါတယ်၊ ခုဟာက ဝန်ထမ်းမျက်နှာငဲ့ရတာရှိတယ်၊ လူတိုင်းပါဝင်တဲ့အပြောင်း အလဲတစ်ရပ်ကို စဥ်းစားတဲ့အခါ မှာ အကုန်လုံးမျက်နှာကိုငဲ့ရတဲ့အခါ တော်တော်ကြီးကို  အခက်အခဲ ကြုံတွေ့ရသလို ဖြစ်နေပါတယ်၊ ဒါက တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

အရင်ခရီးမသွားပါနဲ့

အစိုးရသက်တမ်းထက်ဝက် ကျော်လာချိန်မှာတော့ အာဏာရ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူဦးဝင်းထိန်က အတွင်းဝန်တွေ၊ အမြဲတမ်းအတွင်းဝန်တွေ ၊ DG တွေ၊ MDG တွေ ပညာပြနေတယ်လို့ ပြောပါတယ်။ ဒါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာက တော့ အုပ်ချုပ်ရေးအတွက် စိန်ခေါ်နေပါတယ်။

‘ဒီပညာပြနေတယ်ဆိုတာကို ဘယ်လောက်ပြုပြင်ပြောင်းလဲနိုင် မလဲဆိုတဲ့အနေအထားပေါ်မှာ မူ တည်ပြီးတော့ပဲ အခြေအနေက ပြောင်းလဲသွားနိုင်မယ်”လို့ ဆိပ်ကြီး ခနောင်တို မဲဆန္ဒနယ်ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်က ပြော တယ်။

လက်ရှိအုပ်ချုပ်နေတဲ့အစိုးရ ဖြစ်ပေါ်လာတဲ့ အင်န်အယ်လ်ဒီပါတီရဲ့မူဝါဒက အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ပထမဆုံးမိန့်ခွန်းမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အစိုးရသစ်လက်ထက်မှာ မှန်မှန် ကန်ကန်သာလုပ်ရင် အလုပ်ပြုတ် စရာအကြောင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။

ခေါက်ရိုးကျိုးခဲ့တဲ့ အစိုးရဝန်ထမ်းတွေအနေနဲ့ အစိုးရစတင်ခါစကတော့ ခေါင်းဆောင်တွေရဲ့ကိုင်တွယ်မှုစွမ်းရည်ကို အကဲခတ်နေခဲ့ တဲ့ကာလတစ်ဖြတ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သည်ကာလက အစိုးရသက်တမ်း ရှစ်လလောက်နီးပါး မှာတော့ အရင်ခေါက်ရိုးကျိုးအတိုင်း ပြန်ဖြစ်သွားတယ်။ အစိုးရက အောက်ခြေလုပ်ငန်းတွေလုပ်ဆောင်ရမှုမှာ ဘာမှမပြောင်းလဲဘူးလို့ လူထုက သုံးသပ်လာကြပါတယ်။

အစိုးရဝန်ထမ်းတွေ အဂတိလိုက်စားရင် တိုင်ကြားဖို့ အစိုးရက တိုက်တွန်းခဲ့ပေမဲ့ ပါဝင်ရမယ့်အချက်အလက်တွေက လူထုတိုင်တန်းနိုင်ဖို့ မလွယ်ကူပါဘူး။ ပစ်စာသဘောမျိုးမဖြစ်ရဘူးလို့ဆိုပေမဲ့ အချက်အလက်နဲ့တိုင်တန်းလည်း မထူးခြားတာကြောင့် တိုင်တန်းရ မှာကိုလည်း စိတ်ကုန်လာကြပြီ ဖြစ်ပါတယ်။

တိုင်ကြားမှုတွေကို ဖြေရှင်းမပေးလို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲရန်ကုန်မှာ နေထိုင်သူ၁၅ ဦးခန့်ကနိုင်ငံတော်သမ္မတရုံး ရုံးစိုက်ရာ နေပြည်တော်မှာဆန္ဒထုတ်ဖော်ကြပါတယ်။

သတိပြု

‘အုပ်ချုပ်နေသူတွေအနေနဲ့ လူထုအသံနားထောင်ပြီး အား နည်းချက်ကို ထောက်ပြပြောဆိုမှုကို ဒေါသမဖြစ်ဘဲနဲ့ သူ့ရဲ့ပြော ကြားချက်ထဲကနေ ကိုယ်ပြုပြင်သင့်တာကို ဒီမိုကရေစီအစိုးရအ နေနဲ့ ဖော်ဆောင်ဖို့လိုတယ်၊ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ဖက်နား နားထောင်ပြီးတော့ ဥပဒေဘောင်ရဲ့ ပြင်ပရောက်ပြီးတော့ ကိုယ်ကြိုက်တာတွေ ကိုယ်လုပ်နေကြရင် သူက အာဏာရှင်ဖြစ်သွားတတ်တယ်၊ ဒီအချက်ကို တော်တော် လေးကို သတိပြုပြီး လုပ်ရမယ့်အချိန်ကို ရောက်နေပြီ”လို့ ဦးတင်မောင်ဦးက ဆိုပါတယ်။

အခုအစိုးရလက်ထက်မှာ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ ပြည်သူ့တာဝန်ကျေ အောင် ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပါတယ်။ လာဘ်ပေးရရင် အ ချက်အလက်နဲ့တိုင်ပါဆိုလို့ ပေးရတာကို ဓာတ်ပုံနဲ့တကွ လူမှုကွန် ရက်တင်ပြီး ပြောခဲ့ပေမဲ့ အစိုးရဆီကတော့ အရေးယူပြီးပြီဆိုတဲ့အ သံ မကြားခဲ့ရဘူးလို့ ဆိုပါတယ်။

အရေးယူမှုအားနည်းတာကလည်း အဂတိလိုက်စားသူတွေ အရင်အတိုင်းဆက်လုပ်ခွင့်ပေးနေသ လိုဖြစ်ပါတယ်။ အရင်အစိုးရလက်ထက်က အရေးယူမှုမျိုးဖြစ်တဲ့ ပြစ်မှုတွေ့ရင်နယ်ကို ရွှေ့ပြောင်းပစ်တယ်ဆိုတာကဝန်ထမ်းတွေကို နေရာပြောင်းပြီး လုပ်စားခွင့်ပေးလိုက်တာသာ ဖြစ်တယ်လို့ ဝန် ထမ်းလောကမှာ ပြောနေကြပါ တယ်။

လာမယ့်နှစ် အောင်မြင်ချင်ရင်တော့ မလုပ်ရဲမကိုင်ရဲနဲ့မှိန်းပြီး သွားနေလို့မရဘဲ မဲပေးတဲ့အခြေခံလူတန်းစားတွေရဲ့ဘဝတိုးတက်ကောင်းမွန်အောင်ဘယ်လိုတွန်းတင်မလဲ၊ အပြောင်းအလဲမှာ ဝန်ထမ်းတွေ ပါလာအောင် ဘယ်လို လုပ်မလဲဆိုတဲ့နည်းလမ်းကို ရှာဖွေကျင့်သုံးမှသာ ရှေ့ခရီးရောက်မှာ ဖြစ်ပါတယ်။

Author  ချိုဇင်မာဝင့်

#ကုမုဒြာ


No comments:

Post a Comment